၁၅၊ စက်တင်ဘာလ၊ ၂၀၁၁၊ ကြာသပတေးနေ့၊ အတွဲ့ (၂)၊ အမှတ် (၆၀) ပြည်သူ့ခေတ်ဂျာနယ် မှ ဆောင်းပါးဖြစ်ပါသည်။ စာလုံးပေါင်းသတ်ပုံမှားပါလျှင် ကျွန်တော်၏ အမှားသာဖြစ်ပါသည်။
မြန်မာပြည်ကရေးတဲ့စာအပန်းဖြေနားရက်များ(၂)အောင်ဆန်းစုကြည်Bagan Hotel (River View) ပုဂံဟိုတယ်(မြစ်ရှုခင်းသာ) ဆိုတဲ့အတိုင်းသစ်ပင် ပန်းပင်တွေနဲ့ စိမ်းလန်းစိုပြည်နေတဲ့ ဟိုတယ်ဝင်းရဲ့ အနောက်ဘက်အနားစွန်း တစ်လျှောက် ပျင်းရိပျင်းတွဲ စီးဆင်းနေတဲ့ ဧရာဝတီရဲ့ ခမ်းနားလှပတဲ့ ရှုမြင် ကွင်းကို မြင်ရပါတယ်။ မုတ်သုံရာသီထဲ ထဲထဲဝင်ဝင်ရောက် နေပေ မယ့်ကျွန်မတို့ ပုဂံမှာ နေခဲ့တဲ့ လေးရက် အတွင်း မိုးလေးတစ်ပြိုက် (ဖျန်းတယ်ဆိုရုံလေး) ရွာတာသာရှိလို့ ညတိုင်းမှာ ဒီရှေးမြို့တော်ဟောင်းရဲ့ကျော်ကြားလှတဲ့နေ၀င်ချိန် ရှုခင်းတွေနဲ့ ကြည်းနူး ခဲ့ရပါတယ်။ ကျွန်မတို့နေတဲ့ ဘန်ဂလိုလေးရဲ့ဝရန်တာကနေပြီး အနီရောင် စက်ဝိုင်းကြီး တရွေ့ရွေ့နဲ့ ဣနြေ္ဒကြီးစွာ နိမ့်ဆင်းလာတာ၊ သူ့ရဲ့အလင်းနဲ့ မဖြစ်နိုင်လွန်းတဲ့ ဟင်္သပြဒါးတွေ၊ လိမ္မော်တွေ၊ အ၀ါတွေနဲ့ကောင်းကင် တစ်ခုလုံးကို လိမ်ကျံထားလိုက်ပြီး ဆန်းပြားလှတဲ့ တိမ်စိုင်ပုံရိပ်တွေကို အလင်းပေးတာတွေဟာ မြစ်တစ်ဖက်ကမ်းက မရန်းစေ့ရောင်နဲ့ မဲနယ်ပြာရောင် စွန်းနေတဲ့ တောင်တန်းနောက်ကို ပုန်းလျှိုမသွားမ ချင်း တွေ့နေရပါတယ်။ ခရီးသွားလမ်းညွှန်း လက်ကမ်းကြော်ငြာထဲက ဓာတ်ပုံတစ်ပုံ အသက်ဝင်လာ သလိုပါပဲ။
ပညာရှင်တွေ၊ ကျွမ်းကျင်သူတွေနဲ့အလည် ရောက်လာကြသူတွေက ပုဂံရဲ့ဆွတ်ပျံ့ဖွယ်၊ အံ့မူး ဖွယ်တွေကို အများကြီး ရေးခဲ့ကြ ပြီးပါပြီး။ ဒီမိုးခေါင်ရေရှားလွင်ပြင်မှာ ဘာသာရေး အဆောက်အအုံ တွေ အရွယ်စုံ ထောင်နဲ့ချီပြီး ရှိပါတယ် (ရှေးဟောင်း သုတေသနဌာန ရဲ့စာရင်း အရ သေးငယ်တဲ့ အုတ်ပုံအပါအ၀င် စုစုပေါင်း ၃၀၀၀ ကျော်)။ သးသေး ကြီးကြီး တစ်ခုချင်းစီဟာထိပ်မှာ အဖျားချွန် သဏ္ဌာန်နဲ့ မိုးကောင်ကင်း အမြင့်ဆီ ဦးတည်နေတာ ချည်းပဲမို့ ရုပ်ပိုင်ဆိုင်မှုထက် ပိုမိုတဲ့မြင့်မြတ်တာ တစ်ခုခုကို မျှော်မှန်းနေကြတဲ့ သဘောကို ဗိသုကာအမြင် အရဖော်ပြနေပါတယ်။ အကြိမ်ပေါင်းများစွာ ရေးဆွဲထားကြပြီးဖြစ်တဲ့ ပုံကို တစ်ထပ်တည်းတူအောင်ဆွဲဖို့ မလိုတော့တာကြောင့် ကျွန်မ အပေါ်စွဲထင် မှုလေးတွေနဲ့ပဲ ခြယ်သလိုက်ပါရစေ။ မှောင်ရိပ်ပျိုးလာ တော့ ဘာသာရေးနဲ့ မွှမ်းထားတဲ့ မြို့ဟောင်းဟာ အတိတ်ကလည်းမဟုတ်၊ ပစ္စုပ္ပန်ထဲမှာလည်း မရှိတဲ့၊ အချိန်ကာလတွေက ကင်းလွတ်နေတဲ့လောက တစ်ခုကို ရောက်သွားပါတော့တယ်။ ပုထိုး စေတီငယ်လေး အများစုကတော့ ပြိုလဲပျက်စီးပုံ အဆင့်မျိုး စုံနဲ့ယိုယွင်းတဲ့အဘော၊ အနိစ္စ သဘောတရားနဲ့ မာယာအိပ်မက်တွေ ပြိုကွဲ ကျေပျက်ရတဲ့ သဘောတို့ ကို လှစ်ပြနေပါတယ်။ ဒါဟာ ဗုဒ္ဓဘာသာထွန်းကာရာ မြေမှာသာမက တန်ခိုးအာဏာရှင်တွေက သူတို့ သြဇာဂုဏ် အရှိန်အ၀ါတွေကို ထာဝရမှတ်ကျောက် တင်ဖို့ကြိုးစားခဲ့တဲ့ ကမ္ဘာ့ဘယ်နေရာမှာပဲ မဆို သင့်တော်တဲ့သင်ခန်းစာ ဖြစ်ပါတယ်။ ပုဂံဟာကွယ်ပျောက် သွားပြီးဖြစ်တဲ့ ခမ်းနား ကြီးကျယ်ခြင်းနဲ့ ဆုံးရှုံးသွားပြီး ဖြစ်တဲ့ယဉ်ကျေးမှု ခေတ်ကြီးတွေကို သတိရ ဆင်ခြင်စေ ပါတယ်။ ရှယ်လီရဲ့ကဗျာကသ ရုပ်ဖော်သလို အဆုံးမရှိတဲ့ သဲကန္တာရထဲမှာ အပိုင်းအစ တုံးကြီးတွေ အဖြစ်သာ ကျန်နေတော့တဲ့ ကျောက်သားမဲ့ပြုံးပိုင်ရှင် အိုဇီမန်ဒီယပ်ရဲ့ သနားစရာ့မာနမာန်ကို အမှတ်ရစေပါတယ်။ “အသင် အင် အား ကြီးလှသူများ၊ ငါ့လုပ်ဆောင် ချက်တွေကြည့်ပြီး စိတ်လျှော့ကြလော့”
မိမိရဲ့ဘာသာရေး ကိုင်းရှိုင်းမှုကိုဒီလို အုတ်တွေ၊ သရွတ်တွေနဲ့သက်သေထူခဲ့ကြတဲ့ ရှင်ဘုရင် တွေ၊ မိဖုရားတွေ၊ မင်းညီမင်းသား မှူးကြီးမတ်ရာတွေထဲကဘယ်နှယောက်က တကယ့်ကို သံသရာက လွတ်မြောက် ချင်ခဲ့ကြသလဲ။ ဘယ်နှယောက်က မိမိတို့ရဲ့လောကီ တန်ဖိုးကိုအဖိုးကြီး အဆောက်အ အုံတွေ ထူခြင်းနဲ့သက်သေပြုဖို့ ကြိုးစားခဲ့ကြသလဲ။ ဘယ်နှယောက်က နိဗ္ဗာန်ရဲ့ သဘောတရားကို မခြုံငုံနိုင်တာကြောင့် သံသရာမှာ လည်နေသရွေ့ လောကီစည်းစိမ်ရှိဖို့အတွက် အာမခံအနေနဲ့ ဒီ ဆောက်လုပ် မှုတွေကို ဆောင်ရွက်ခဲ့ကြသလဲ။
ပုဂံပြည်ကို စိုးစံခဲ့ကြတဲ့ မင်းဧကရာဇ်စာရင်းက ရှည်လျားလှတဲ့ ဆိုပေမယ့်ကျွန်မ စိတ်ကူးစိတ် သန်းကို ဖမ်းစားနိုင်တာ တစ်ဦးပဲ ရှိခဲ့ပါတယ်။ အဲဒါကတော့ ကျန်စစ်သားမင်း ပါပဲ။ ကျွန်မတို့ငယ်ငယ် က သင်ရတဲ့ သမိုင်းသာအုပ်တွေအရ သူဟာ ပထမ မြန်မာနိုင်ငံတော်ကြီးကို တည်ထောင်ခဲ့တဲ့ အ နော်ရထာဘုရင်ရဲ့သားပါပဲ။ ဒါပေမယ့် ပညာရှင်တွေရဲ့တွေ့ရှိချက်တွေ အရတော့ သူတို့နှစ်ယောက် ဟာ သွေးမတော်စပ်ပါဘူး။ ကျန်စစ်သားက သာမန် မျိုးရိုးထဲကပဲဖြစ်နိုင်ပေမယ့် သူက သာမန်မဟုတ် တဲ့အရည်အချင်းတွေ ပိုင်ပါတယ်။ သူရသတ္တိနဲ့ ပြည့်စုံပြီး ရဲရင့်တယ်။ ဘုရင်တပ်မတော်ရဲ့ အကြီးအကဲ စစ်ဗိုလ်ချုပ်အထိ တက်လှမ်းခဲ့ပြီး ကျော်ကြားတဲ့သူရဲကောင်း တစ်ယောက် ဖြစ်လာတယ်။ ဒါတွေ ကြောင့် ဘုရင်အိုကြီး မနာလိုဝန်တိုဖြစ်ခဲ့ပြီး သူ့ကို ပုန်ကန်မယ့် လူလို့ သံသယတွေ ၀င်ခဲ့ပုံရပါတယ်။ အနော်ရထာ လွန်တော့ ပျော့ညံ့ပြီး အရည်အချင်းနည်းတဲ့ သားတစ်ဦး နန်းတက်ခဲ့ပေမယ့် ခဏတာပါပဲ။ ဒီနောက် ကျန်စစ်သားဟာ အန်တုမှုမရှိ နန်တက်နိုင်ခဲ့ခြင်းကို ကြည့်ခြင်းအားဖြင့် အနော်ရထာရဲ့ အဆက်အနွယ်ထဲက ဆက်ခံမယ့်သူတွေ မကျန်တော့ဘူးပဲ ယူဆရပါတယ်။ ကျန်စစ်သားဟာ အမြော် အမြင်၊ စွမ်းရည် သတ္တိနဲ့လုံးရည် ပြည့်ဝတယ် ဆိုတာ ပြနိုင်ခဲ့ပြီး သူဆောက် လှူခဲ့တဲ့ အာနန္ဒဂူ ဘု ရား ဟာ သူ့ရဲ့ဆွဲဆာင်မှုရှိလှတဲ့ ပင်ကိုဥပဓိတွေ ထင်ဟပ်နေ ပါတယ်။ ပြေပြစ်တင့်တယ်တဲ့ အချိုးအစားရှိ ပြီး၊ အလင်းနဲ့ အရိပ်ကို လိုသလို ရအောင်ဆောက်ထားတာဖြစ်လို့ ခံယူချက်ရော၊ တည်ဆောက်ပုံရော က အင်မတန် လှပပါတယ်။ အာနန္ဒကို ဖူးတယ် ဆိုတာဂူကျောင်းထဲက ထူခြားလှတဲ့ ရုပ်ပွား တော်ကြီး တွေထံ စိတ်ဝိညာဉ် ခိုလှုံရာအနေနဲ့ ဦးခိုက်ရသလို၊ ရှားပါးလှတဲ့ အုပ်စိုးသူ မင်းတစ်ပါးကို လေးစားသမှု ပြုရသလိုလည်း ဖြစ်ပါတယ်။
ဟိုတယ်ဝင်းထဲမှာ ကျွန်မတို့အတွက် တကယ့်ကို အံ့အား သင့်ရ စေတာက ဂူစေတီလေး နှစ်ဆူစ လုံးဟာ ကျန်စစ်သားနဲ့ သက်ဆိုင်တယ်လို့ သိခဲ့ရ ပါတယ်။ တစ်ဆူက သူ့နန်းသက် အစောပိုင်းမှာ ရန် သူတွေကို အောင်မြင်နိုင်ခဲ့ခြင်း အတွက် ကျေးဇူးအောက်မေ့တဲ့ အနေနဲ့ တည်ထားတာဖြစ်ပြီး နောက် တစ်ဆူကတော့ သူ့ ဘ၀နောက်ဆုံးပိုင်း အရောက် ဘ၀တစ်လျှောက်လုံး စစ်သူရဲကောင်း ဘ၀နဲ့သူပြုမူ ခဲ့တဲ့ ရက်စက် ကြမ်းကြုတ်မှုတွေ အတွက် သံဝေဂရပြီး ပြောရာပြေကြောင်း ရည်းစူးတည်ခဲ့ တာလို့ ပြောပြကြပါတယ်။ အရွယ်အစားသင့်ရုံ ဒီဂူကျောင်း နှစ်ဆူဟာ ညနေ တိုင်း စောင်းတီး ခတ် ဖျော်ဖြေ တတ်တဲ့ ညစာခန်းမ ကပြင်အနားက ပန်းခြံထောင့် တစ်နေရာမှာရှိနေတယ်။ သီးသန့် ဘုရားကျောင်းလေးလို ဖြစ်နေတဲ့နေရာမှာ ဖယောင်းတိုင် မီးပူဇော် ရတာဟာ ခမ်းနား ကျော်ကြားလှတဲ့ ဘုရားတွေကိုဖူးရတာနဲ့မတူတဲ့ အတွေ့အကြုံ ခံစားမှုပါပဲ။
ကျွန်မသားနဲ့ ကျွန်မက ပုဂံ အနှံ့အပြားမှာ ရှိနေတဲ့ ဘုရားစေတီ အားလုံးကို ဖူးမနေတော့ဘူး လို့ ဆုံးဖြတ်ခဲ့ပါတယ်။ အာနန္ဒာနဲ့ ဟိုတယ်ဝင်းထဲက ကျန်စစ်သားရဲ့ ကောင်းမှု စေတီလေးတွေက လွဲရင်တော့ သဗ္ဗညုနဲ့ မနူဟာစေတီကို သွားဖူးခဲ့ပါတယ်။ မနူဟာစေတီကို အဖမ်းဆီးခံ မွန်ဘုရင် မနူ ဟာတည်ခဲ့တယ်လို့ ယူဆခဲ့ကြတာကြောင့်ထူခြားတဲ့ အဓိပ္ပာယ် ဆောင်ပါတယ်။ ကာလကြာရှည် လက်ခံခဲ့ကြတဲ့ သမိုင်းပုံပြင်ကို ပညာရှင်တွေကြား ခုနောက်ပိုင်းမေးခွန်း ထုတ်လာကြပေမယ့် ဒီဂူဘု ရားဟာ လွတ်လပ်မှုကို မွတ်သိပ်တဲ့၊ ထိုင်းမှိုင်းလေးလံတဲ့အာဝါသအဖြစ် ပေါ်လွင်အောင်တမင် ဒီဇိုင်း ထုတ်ထားတယ် ဆိုရင်ငြင်းနိုင်မှာ မဟုတ်ပါဘူး။ အထဲကဗုဒ္ဓရုပ်ပွားတော်ကြီးတွေဟာ ရှိနေတဲ့နေရာအ ကျယ်အ၀န်းနဲ့ မကိုက်လောက်အောင် ကြီးမားနေပြီး ဖူးမြော်သူကို ပိတ်လှောင် မွန်ကျပ်ခြင်းနဲ့ မကိုက်လို မှု ပြင်းပြနေတဲ့ ၀ိညာဉ်ရဲ့ရုန်းကန် အသက်ရှူနေခြင်းတို့နဲ့ ထိတွေ့ရသလို ခံစားရစေ ပါတယ်။ အဲဒီ ဘုရားသွားဖူးတာ ကျွန်မတို့ နိုင်ငံမှာသိပ်ကို လိုအပ်နေတဲ့အရာနှစ်ခုကို သတိပြုစေ ပါတယ်။ လူမျိုးစု တိုင်းရင်းသားတွေကြားထဲ ညီညွှတ်မျှတမှု ရက်ယှက်ဖို့နဲ့ယုံကြည်ချက်ကြောင့် အကျဉ်းကျခံရသူတိုင်း လွတ်မြောက်ဖို့တို့ ဖြစ်ပါတယ်။ ဒီအသိတွေ ကနေတော့ အပန်းဖြေအနား ယူနိုင်တယ် ရယ်လို့ မဖြစ်နိုင်ပါ ဘူး။
အောင်ဆန်းစုကြည်
(၂၂.၈.၂၀၁၁နေ့ထုတ် Mainichi သတင်းစာတွင် ဂျပန်ဘာသာ၊ အင်္ဂလိပ်ဘာသာတို့ဖြင့်ဖော်ပြပြီး)
We have 184 guests and no members online