၈၊ စက်တင်ဘာလ၊ ၂၀၁၁၊ ကြာသပတေးနေ့၊ အတွဲ့ (၂)၊ အမှတ် (၅၉)ပြည်သူ့ခေတ်ဂျာနယ် မှ ဆောင်းပါးဖြစ်ပါသည်။ စာလုံးပေါင်းသတ်ပုံမှားပါလျှင် ကျွန်တော်၏ အမှားသာဖြစ်ပါသည်။
မြန်မာပြည်ကရေးတဲ့စာအပန်းဖြေနားရက်များ(၁)အောင်ဆန်းစုကြည်ယခုနှစ်များစွာ အတွင်းမှာ အပန်းဖြေနားရက်တွေဆိုတာ ကျွန်မအတွက်တော့ အတိတ်ကာလက ဖျိုးခနဲ ဖျက်ခနဲမှတ်တမ်း တင်ထားမိလိုက်တဲ့အမှတ်ရစရာ ဓါတ်ပုံတချို့ လိုပါပဲ။ ပြန်ကြည့်လိုက်တိုင်း ကြည်လင် ထင်ရှားနေတယ်၊ ဒါပေမဲ့ အဖြစ်အပျက်တွေက ဟိုးအဝေးကြီးကလိုပါပဲ။
ဟိမ၀န္တာမှာ .........
- ရေညှိတွေ ဖုံးလွှမ်း စိမ်းမြနေတဲ့ တောအုပ်ကြီးတွေကြား၊ တောင်တက်တောင်ဆင်း လမ်းတွေပေါ်က မျက်တောင်ရှည် မြည်းကြီးတစ်ကောင်ရဲ့ ကျောကုန်းထက်မှာ၊
- မြက်ခင်း ဆင်ခြေလျှောပေါ်မှာ ထိုင်ပြီး ထမင်းခြောက်၊ ကြက်ဥပြုတ်နဲ့ နေ့လယ်စာစားရင်း ရှုမြင်ရတဲ့ မြူတွေဆိုင်းနေတဲ့ ရိုးတိုးရိပ်တိပ် မြေခင်းအနေအထားကို ငေးကြည့်နေခဲ့တာ၊
- ခတ္တူမန္ဒူမြို့က ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းတွေ ကနေ၊ ဟိန္ဒူပုထိုးတွေအထိ လည့်ပတ် လွင့်မျောရင်း အမေရိကန် ကိတ်မုန့်ညို နာမည်ကြီးတဲ့ ကော်ဖီဆိုင်လေးကို ရောက်သွားခဲ့တာ၊
- မြန်မြန်ကြမ်ကြမ်း စီးဆင်းနေတဲ့ ရေပြင်ထက်က ဖောင်လေးပေါ်မှာ၊
- အလေ့ကျချုံတွေထဲက ဆွတ်ခူးထားတဲ့ ဆီးဖြူသီးချဉ်ဖြုံးဖြုံးကို မြုံ့ရင်းဆင် တစ်ကောင်ရဲ့ ကျောကုန်းပေါ်မှာ၊
အိန္ဒိယ အရှေ့မြောက်ဘက်မှာ၊ မျက်တောင် ခတ်ဖို့၊ အသက်ရှူဖို့မေ့လောက်အောင် ဆွဲဆာင်ထားတဲ့ တိဘက်ဘုန်းတော်ကြီးတွေရဲ့ ညင်သာ နူးညံ့လှတဲ့ သေခြင်းရဲ့အနုပညာ သရုပ်ဖော်ကကွက်၊
ဆွစ်(ဆွစ်ဇာလန်)ကရေကန်ကြီးတစ်ကန်ကို စီးမိုးထားတဲ့ ရဲတိုက်တစ်ခုပေါ်မှာ၊ အရသာ ပြည့်စုံလှတဲ့ အစားအသောက်တွေ ကြားထဲက မမေ့နိုင်တဲ့ လက်ဖတ်ရည်ချိန် အိမ်လုပ် နှင်းဆီသီးယိုကို စားနေခဲ့တာ၊
အင်္ဂလန်ရဲ့ မြစ်ကြိုးချောင်းကြားတစ်လျှောက်က တူးမြောင်းသွားသင်္ဘော တစ်စီးပေါ်မှာ၊ ကျွန်မက စိမ်းမြ၀န်းကျင်ကို ငြိမ်သက် အေးချမ်းစွာကြည့်မောလို့၊ မိသားစုဝင် ခွေးငယ်လေးက အမိုးပေါ်မှာ၊
တိုင်ရီကျွန်းလေးပေါ်က သဲသောင်ပြင် စခန်းမှာ၊ ကျယ်ပြန့်ပြောတဲ့ စကော့တလန်ရဲ့မီးခိုးရောင် သမုဒ္ဒရာ မြင်ကွင်းမှာဖျံလေးတချို့ကစားမြူးထူး နေကြတာ။
ပြန်တွေးလိုက်တိုင်း ဒီမြင်ကွင်းတွေဟာ မယုံနိုင်လောက်အောင် အသက်ဝင် တောက်ပလှပေမယ့် တကယ် မဟုတ်သလို ခံစားရပါတယ်။ အဲဒါကြောင့်ပဲသားငယ် ထိန်လင်း(ကင်မ်)တစ်ယောက်ဇွန်လထဲမှာ ကျွန်မရဲ့မွေးနေ့ကို ရောက်လာပြီး၊ အပန်းဖြေခရီး တစ်နေရာရာကိုခေါ်သွားမယ်လို့ ပြောတဲ့အခါ ကျွန်မအတွက် တော်တော်မဖြစ်နိုင်တဲ့ အဆိုပဲလို့ စိတ်ထဲမှာ ဖြစ်သွားခဲ့ပါတယ်။
နောက်၊ နည်းနည်းပါးပါး တိုင်ပင်ကြ။ စဉ်းစားကြည့်ကြပြီးတဲ့ အခါမှာနှစ်ပေါင်း နှစ်ဆယ်ကျော် အတွင်းပထမဆုံး အပန်းဖြေ ခရီးတို သွားဖို့ ဆိုတာသဘာဝမကျတဲ့ ကိစ္စတစ်ခု မဟုတ်ပါဘူးလို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါနဲ့ပဲ ကျွန်မတို့အစီအစဉ် ဆွဲကြည့် ခဲ့ကြတယ်။
မုတ်သုံရာသီ ဖြစ်နေတာကြောင့်၊ မြန်မာနိုင်ငံအလယ်ပိုင်း တစ်နေရာကိုပဲရွေးချယ် ဖို့ဖြစ်လာပါတယ်။ ဒီလိုအချိန်မှာခြောက်သွေ့တဲ့ ဒေသကို ရွေးချယ်တာဟာ လက်တွေ့ကျတဲ့ ဆုံးဖြတ်ချက် တစ်ခုဖြစ်မှာပါ။ ၁၉ရာစု နှောင်ပိုင်းမှာ ဗြိတိသျှ စစ်တပ် ရောက်လာပြီး မြန်မာဘုရင်ကိုဖယ်ရှားခဲ့တဲ့ မန္တလေးမြို့ရှိတယ်။ ဒါမှမဟုတ် ကာလ ကြာမြင့်စွာက ကွယ်ပျောက်သွားပြီဖြစ်သော ကြီးကျယ်ခမ်းနားမှုကို သက်သေပြနေတဲ့ ထောင်ပေါင်း များစွာသော ဘုရားများနဲ့ဖွဲ့တည်ထားတဲ့ ရှေးမြို့တော်ပုဂံ။ ဘာကြောင့်များဒီလောက် များပြားတဲ့ ဘုရားပုထိုးတွေတည်ခဲ့ကြတာလဲဆိုတဲ့ စိတ်ဝင်စားဖို့ကောင်းလှပြီး၊ အဖြေရဖို့လည်း မလွယ်တဲ့ မေးခွန်းပေါ်စေတဲ့ ပုဂံ။ ဒါဟာဘာသာရေး ယုံကြည်မှုကြောင့်လား၊ ချမ်းသာကြွယ်ဝမှုကြောင့်လား၊ ဒါမှမဟုတ်အဲဒီ သုံးခုစလုံး အချိုးအစား အမျိုးမျိုးနဲ့ပါဝင် ပတ်သက်နေမှုလား။
ပုဂံကိုကျွန်မတို့ လွယ်လွယ်ကူကူပဲရွေးချယ် ဆုံးဖြတ်ဖြစ်ခဲ့ပါတယ်။ မြောက်မြားစွာသော ထူပါ၊ ပုထိုးစေတီတွေနဲ့မြို့ဟောင်းပုဂံဟာ ခရီးသွားတွေ၊ ဘုရားဖူးတွေကို အင်မတန် ဆွဲဆောင်မှုရှိလှပါတယ်။ ဒါပေမဲ့သွားမယ့် အချိန်က ဧည့်သည် ပါးလျားလေ့ရှိတာမို့၊ ကျွန်မတို့ အေးအေးချမ်းချမ်းနဲ့ အနားရလိမ့်မယ် ထင်ခဲ့ပါတယ်။ ကျွန်မတို့သားအမိအတွက် ပုဂံကို ပထမဆုံးအကြိမ်သွားခြင်း မဟုတ်တာကြောင့်၊ ဘာသာရေးအဆောက်အဦးတွေ အများကြီးကို လှည့်လည်ဖို့ မရည်ရွယ်ခဲ့ပါဘူး။ ကျွန်မအတွက် လေးနက်အဓိပ္ပာယ်ရှိတဲ့၊ ထူးခြားတဲ့နေရာ အနည်းငယ်မျှကိုသာ သွားကြမှာပါ။ အရေးကြီးဆုံးတစ်ချက်က ကင်မ်ရယ်၊ ကျွန်မရယ်၊ ကျွန်မတို့ရဲ့  ခွေးလေး တိုက်ချီဒိုရယ်(ဒါဟာ မိသားစု အပန်းပြေ ခရီးဆိုရင်တော့ ခွေးလေးကို အိမ်မှာ ထားပစ်ခဲ့ဖို့မစဉ်းစားသင့်ဘူး မဟုတ်လား) ပျော်ပျော်ရွှင်ရွှင်နဲ့ အဆင်ပြေပြေ နေနိုင်မယ့် နေရာတစ်ခုကို ရှာဖို့ပါပဲ။ ဒါအတွက် အကောင်းဆုံး နေရာတစ်ခုကို ရှာဖို့ပါပဲ။ ဒါအတွက် အကောင်းဆုံး နေရာမှာ တိုက်ဆိုင်လို့ တခြားအကြောင်း အရာတစ်ခုကို ပြောင်းပြီးပြောပြချင်ပါတယ်။
ဦးခွန်သာမြင့်ဆိုတာက ကျွန်မတို့အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်တစ်ဦးဖြစ်တဲ့၊ ၁၉၉၀ အထွေထွေရွေးကောက်ပွဲမှာ ဘုတလင်မြို့နယ်က ရှစ်ဆယ် ရာခိုင်နှုန်းကျော် ထောက်ခံမဲနဲ့ ရွေးချယ်ခံခဲ့ရတဲ့ ဦးဟံသာမြင့်ရဲ့ညီပါ။ ကိုဟံသာ၊ ကိုခွန်သာတို့ရဲ့ဖခင်နဲ့ ကျွန်မရဲ့ ဖေဖေတို့က ၁၉၃၀ ကျော်နှစ်ကာလ၊ ရန်ကုန်တက္ကသိုလ်ကျောင်းသား သမဂ္ဂကို နိုင်ငံရေးလမ်းကျောင်းပေါ် တင်ခဲ့ကြတဲ့ အချိန်ကတည်းက မိတ်ဆွေသူငယ်ချင်းများ ဖြစ်ပါတယ်။ သူတို့ရဲ့ ဖခင် ဦးသိန်းဖေမြင့်နဲ့ ကျွန်မရဲ့ ဖေဖေတို့ဟာ နိုင်ငံရေးမှာ သဘောချင်း အမြဲတူညီခဲ့ကြတာမျိုးတော့မဟုတ်ပါဘူး။ အမျိုးသားလွတ်လပ်ရေး နောက်ဆုံးတိုက်ပွဲ ကာလတွေမှာ မိတ်ဆွေ သူငယ်ချင်းဆိုတာထက်၊ နိုင်ငံရေး သဘောထားချင်း ဆန့်ကျင် ဘက်တွေလို့ ပြောမယ်ဆိုရင်ပြောနိုင် ပါလိမ့်မယ်။ နှစ်ဦးစလုံးက မတူညီတဲ့ အမြင်တွေကို အပြန်အလှန် လေးစားမှု ရှိကြတာ၊ ဂိုဏ်းဂဏနဲ့ အာဃာတတွေ ကင်းဝေးကြတာ စတာတွေကို သူတို့ရဲ့ သားသမီးတွေဖြစ်တဲ့ ကျွန်မတို့တစ်တွေဟာ လုပ်ဖော်ကိုင်ဖက်တွေလို၊ ရဲဘောရဲဘက်တွေလို အလုပ်တွေအတူ လုပ်နိုင်ခဲ့ကြတယ်။ ကျွန်မတို့မှာရှိတဲ့ အကဲဖြတ် တန်ဖိုးထားမှုချင်း တူညီတာ၊ ရယ်စရာတွေကို နားလည်ခံစားမှုချင်း တူညီတာ (ဒါဟာ တကယ်တော့ ခပ်ပေါ့သေးသေး မဟုတ်ပါ) တွေက ကျွန်မတို့ကို ပိုပြီးစုစည်းပေါင်းစပ်ပေးပါတယ်။
၂၀၀၉ ခုနှစ် ကျွန်မ အင်းစိန်ထောင်မှာရှိနေစဉ် ယိုယွင်းလာနေတဲ့ ကျွန်မရဲ့ အိမ်ကို ပြန်လည် ပြုပြင်မွမ်းမံဖို့ဗိသုကာတစ်ယောက် လိုအပ်နေချိန်မှာကိုခွန်သာက ကျွန်မကို ကူညီဖို့ ရောက်လာခဲ့တာပါ။ ထောင်ကနေအိမ်ကို နေအိမ်အကျယ်ချုပ်အဖြစ် ပြောင်းလာရတော့ အိမ်ပြင်ဖို့ ကိစ္စကို ကိုခွန်သာနဲ့စလုပ်ခဲ့ရပါတယ်။ ကိုခွန်သာက ဗိသုကာအနေနဲ့။ ပြီးတော့ မိတ်ဆွေရင်းတွေဖြစ်ကြတဲ့၊ ကျွန်မ ခန့်အပ်ထားတဲ့ ကျွန်မရဲ့ကိုယ်စားလှယ် ကိုထင်ကျော်၊ အထွေထွေကြီးကြပ်ပေးသူ ကိုနီတို့နဲ့ အတူပေါ့။ သူ့တို့တွေဟာ ကျွန်မအိမ် ပြန်လည်ပြင်ဆင်တဲ့ အလုပ်အတွက် နေ့စဉ်လာကြတာ လနဲ့ချီ ကြာမြင့်ပါတယ်။ ကိုထင်ကျော်၊ ကိုနီနဲ့ ကျွန်မတို့ရဲ့ဖခင်များဟာလည်း ရန်ကုန် တက္ကသိုလ်မှာကတည်းက သိကျွမ်းရင်းနှီးခဲ့ကြသူများဖြစ်ပါတယ်။ ကျွန်မ အနေနဲ့ သားတွေနဲ့အဖေတွေအကြောင်း(အမေတွေလည်းပါမှာပါ) တစ်ချိန်ချိန်မှာ ရေးရပါဦးမယ်။ ဒီနေရာမှာတော့ စာလေးတစ်ကြောင်းလောက်တော့ တို့ထားချင်တယ်။ အဲဒါကခုလို မိဘတွေရဲ့ရှည်ကြာတဲ့ ရင်းနှီးနှောင်ဖွဲ့မှုကနေ ကျွန်မကို ဖေးမထောက်ပံ့သူတွေ၊ လိုအပ်တာတွေကို ကူညီပေးသူတွေ၊ ခင်မင်ရတဲ့ မိတ်ဆွေတွေကို ဘ၀ရဲ့လက်ဆောင်မွန်တွေအဖြစ် ရရှိခဲ့တယ်ဆိုတာပဲ ဖြစ်ပါတယ်။
ကိုခွန်သာဆိုရင် ကျွန်မရဲ့ဗိသုကာတစ်ဦးအဖြစ် စတင်ခဲ့ရာက သူသဘောကျသည်ဖြစ်စေ၊ မကျသည် ဖြစ်စေတာဝန် ယူရတာတွေများလာပါတယ်၊ ကျွန်မရဲ့ လုံခြုံရေးအရာရှိ၊ မိသားစုဝင်ခွေးလေးရဲ့ သင်တန်းဆရာ၊ အခု ဆိုရင်တော့ခရီးသွား ၀န်ဆောင်မှု ကိုယ်စားလှယ်နဲ့အပန်းဖြေခရီး စီမံပြင်ဆင်ပေးသူပေါ့။
ကိုခွန်သာ ရွေးချယ်တဲ့ ပုဂံ ဟိုတယ်လောက် ကျွန်မတို့ အုပ်စု (အားလုံးဆယ့်ခြောက်ယောက်) အတွက်ပျော်စရာကောင်းတဲ့နေရာရှိမယ် မထင်တော့ပါဘူး။ ဟိုတယ်က သမိုင်းရေးရာနဲ့ ဘာသာရေးဆိုင်ရာ အထင်ရှားဆုံးသောပုထိုး ထူပါစေတီတွေ တော်တော်များများဆီကို သွားလာရတာ လွယ်ကူလှတဲ့နေရာပါ။ အရေးကြီးဆုံးကတော့ သေသေချာချာ လေ့ကျင့်သင်ကြားပေးထားတဲ့ဝန်ထမ်းတွေက ယဉ်ကျေးဖွယ်ရာတယ်၊ ပြီးတော့ ဧည့်သည်တွေရဲ့ ရင်ထဲမှာနွေးထွေးပြီး နှစ်လို ခင်မင်သွားစေတဲ့ခံစားမှုကို ရရှိစေတဲ့ အရည်အချင်းနဲ့ပြည့်စုံကြပါတယ်။
အောင်ဆန်းစုကြည်
၈ ဇူလိုင် ၂၀၁၁
(၁၉.၇.၂၀၁၁နေ့ထုတ် Mainichi သတင်းစာတွင် ဂျပန်ဘာသာ၊ အင်္ဂလိပ်ဘာသာတို့ဖြင့်ဖော်ပြပြီး)
We have 189 guests and no members online